Showing posts with label ကဗျာပန်းပွင့်. Show all posts
Showing posts with label ကဗျာပန်းပွင့်. Show all posts

Sunday, July 29, 2012

ချစ်သူသို့ (5)

သုံးဆယ်ကျော်တာတောင် မလိမ္မာ ဘူး
ဒီအရွယ်ကြီးရောက်မှ စာမေးပွဲ’ကျ’တယ်
ညီမလေးရယ်.. ငါ့ကိုရိုက်ပါ..
နီကိုရဲ ထွန်းဝေမြင့် …စသဖြင့်ပြန်သွားကြပြီ
ဘယ်ဆီကိုသွားဖို့ ငါကကျန်ခဲ့တာလဲ…..
ကိုယ့်ကို ကိုယ်တစ်ခန်းလုံး မီးဖွင့်ပြီး
ကပိုကရို ဖွင့် လိုက်တယ်…
ညီမလေးရယ်.. စိတ်ထဲမှာ စာမေးပွဲကျတယ်..
တကယ်တော့လည်း
လောကဓံ ဆိုတာ ကိုယ်ခံစားမှ ဖြစ်တဲ့အရာပါ…
လမ်းထိပ်ကခွေးကြီးထက် နည်းနည်းပဲ ပိုပါတယ်။
ဟော…
ကိုရင်တစ်ပါးက တုန်းမောင်ခေါက်သံလက်ဆောင်ပါးတယ်
မကြာခင်(၆)နာရီ နေဝန်းဆိုက်ရောက်တော့မှာပါတဲ့ ။
ညီမလေးရေ…..
မြင်းရထားတွေကို လက်ပြမတားတော့ဘူး
ကိုယ်ဖိနပ်လေးနဲ့ပဲ ကိုသွားကြမယ်။
အဝေးကြီးကို ရွေးလျားချင်မှတော့
လမ်းတို့ရဲ့ အလျားကိုလည်း..ရင်ဆိုင်ရဲရမှာပေါ့။ ။


တာရာမင်းဝေ 

ကြယ်ကြွေအလင်္ကာ

ထိုသောညမှာ နှင်းပြာအုပ်မိုး
အိမ်မက်ခိုးမျှင် သခင်ဖြစ်၏

ကြယ်ခက်ညတွေ ပန်ရင်းကြွေသက်
မျက်ရည်ဝိုးဝင်း အိမ်မက်လင်းပြာ
ငါ နမ်းမွှေးရှိုက် ရင်ကိုခိုက်၏

ငါ.. ချစ်မိသည်

ငါ ချစ်မိသည်

ယုံကြည်ကြေကွဲ ခိုတွဲကိုင်းညွတ်
ပွင့်ဦးဆွတ်ပျံ့ စံပယ်နံ့အေး
အဝေးစကား နှုတ်ဖျားထုံကျဉ်
သခင် .. သိပါ။

ထိုသို့ဖြင့်
ငါနှင့် ကြယ်တို့ ညမြို့ရိုးထက်
သွေးပျက်သီချင်း ဆိုညှင်းဖွဲ့ဝေ
ကြွေခဲ့ကြသည်။

သြော် ထိုသို့ဖြင့်
ငါနှင့်သခင် ရာဇဝင်ပန်း
လွမ်းမှိုင်းဝေရီ ရွှေလက်ဖဝါး
ပါးပြင်ထိအပ် ခုံမင်တတ်လည်း
ရေးမှတ်မိရုံ ဝတ်မှုန်မြေဆွေး
ဝေးသွားခဲ့လျှင်….
ဝေးသွားခဲ့လျှင်….

တာရာမင်းဝေ 

စိတ်အားငယ်ခြင်းနဲ့ ချစ်ခြင်းမေတ္တာတို့ရဲ့ အင်ဂျင်များ

မိုးကောင်းကင်ဟာ စိမ်းနေတယ်။ စိမ်းနေခြင်းရဲ့အဓိပ္ပါယ်ကို ကျွန်တော်တို့သိဖို့ ဘာစာအုပ်မှလည်း
မရှိဘူး။ မိုးရွာနေတာ ဘယ်တုန်းကမှ မတိတ်ခဲ့ဘူး။ ယောက်ျားသုံးယောက်ရှိတာ၊ လေးယောက်
စကားပြောနေကြတယ်။ မိန်းမ တယောက်ဟာ လျှာအောက်မှာ တီကောင်တွေရဲ့ ဓါတ်ပုံတစ်ပုံ
သယ်ဆောင်ထားတယ်။ ကျွန်တော့်အလှည့်မရောက်သေးပဲ ကျွန်တော်ဝင်ပြောမိပြန်ပြီ။ အချိုး
အစားတွေဟာ ကိုးလိုးကန့်လန့်၊ အသေးစိတ် အချက်အလက်တွေ ကြမ်းတမ်း။ မိုးကောင်းကင်ဟာ
စိမ်းနေတယ်။ ကျွန်တော်တို့ သားသမီးတွေရဲ့ အမည်နာမတွေ သိရဖို့ ဘာစာအုပ်မှလဲ မရှိဘူး။
အရုပ်တစ်ရုပ်ကို ပွေ့ပိုက်ထားတဲ့ ယောက်ျားအလောင်းတစ်လောင်း ကို ခင်ဗျား သတိပြုမိလား။
သူမ အဲသလောက် အော်ရတာ ဘာကြောင့်ဆိုတာ ခင်ဗျား စဉ်းစားကြည့်ဖူးလား။ ပြီးတော့ ဘာ
ဖြစ်လို့၊ ဥပမာပေါ့နော်၊ ရုပ်တုတွေရဲ့ ဦးခေါင်းတွေကို ဖယ်ရှားပြီး ဆေးရုံအောက်က မြေတိုက်ခန်းထဲ
သိမ်းလိုက်သလဲ။ မိုးကောင်းကင်ဟာ စိမ်းနေတယ်။ ကျွန်တော်တို့ကိုလမ်းကြောင်းပြဖို့ ဘာစာအုပ်မှ
မရှိဘူး။ တစ်ပတ်တစ်ကြိမ် ပုံမှန်ပါပဲ။ သူ့ကားသူ ဘယ်မှာ ပါကင်ထိုးခဲ့မှန်း မသိတော့လို့
သူ့တိုက်ခန်းဆီသူ ပြန်ပြန်သွားရတယ်။ မီးဖိုချောင်စားပွဲပေါ်မှာ လိုက်နာရမယ့် လမ်းညွှန်ချက်တစ်စုံ
တင်ထားတယ်။ သူ့ရဲ့ အသက်ရှူကိရိယာဟာ မဖွံ့ဖြိုးတဲ့အတွက် ပလာဇာပေါ်ဝဲနေတဲ့ အင်္ဂတေနု
မိုးတိမ်နံရံဘေးမှာပဲ ကပ်မောင်းနှင်ဖို့ ချုပ်ချယ်ကန့်သတ်ခံထားရတယ်။ မိုးကောင်းကင် ဟာ
အစိမ်းရောင်စွက် မီးခိုး။ တစ်ယောက်ယောက်က ခင်ဗျားဆီ အခိုင်အမာလာပြောတယ်။ သူဟာ
ခင်ဗျားရဲ့ သူငယ်ချင်းပါတဲ့။


ဂျော်န် ယောဝ်
John Yau ‘ Engines of Gloom and Affection ’
Translated by Zayyar Linn

ငါ့ကို ဘယ်သူမှ ကိုယ်စားမပြုဘူး

ဘယ်မှရွေ့မသွားတဲ့ ခုံတန်းလျားမှာ မင်းနဲ့ငါ အတူထိုင်၊ နံရံတွေငေး
ပွဲခ တတ်နိုင်ရင် မလေးလား၊ ကိုးရီးယားလား၊ ဒူဘိုင်းလား၊ ဆော်ဒီလား
လုပ်စရာရှိတာ လုပ်ရမှာပဲ သွေးလည်ပတ်မှုဟာ ဖျော်ဖြေရေးမှ မဟုတ်တာ
ရေနွေးကြမ်းနဲ့ ရေခဲ့မုန့် ခြင်ဆေးခွေထဲမှာ မျက်လုံးတစ်လုံး မဲပေါက်သလို
ကိုယ့်ရေတွင်းလေး ကိုယ်တူးပြီး ကိုယ့်ထုံးရေ ကိုယ်ကြည့်ကြက်သောက်
အထုံပါလာတော့ အကွက်ချထားတဲ့မြို့သစ်မှာ အကွက်ကျကျဘဝနဲ့
မနက်ဆို နေထွက်သွားတယ် ညနေဆို နေဝင်လာတယ် သဘာဝဟာ
ပလပ်စတစ်စံတော်ချိန်နဲ့ ဘာသင်တန်းတက်ထားလဲ ဘာလက်မှတ်ရှိလဲ
လမ်းဘေး အမဲအူပြုတ်တစ်ခွက်နဲ့ တရုတ်လုပ် ‘မိတ်အင်ဂျပန်’ နာရီနဲ့
အာဖဂန်မှာ စစ်ဖြစ်နေတယ် အာဖဂန်မှာ ရွေးကောက်ပွဲကျင်းပ နေတယ်
ဆိုသူကဆိုတယ် တီးသူက တီးတယ် ကသူက က တယ် ငါ ပန်းရံသမားပါ
ငါ ဘာလုပ်ရမလဲ ငါ့ ခံစားချက် ငါထည့်ရေးရင် မဖွယ်မရာများ ဖြစ်မလား
မိသားစု ရေနံတွင်းကလေးဟာ နက်သထက် နက်လာတယ် အေးဆေးပါ
မြို့သစ်သား အချင်းချင်းပဲ သားကြီးရာ အသွားအပြန်ကားခလေးသာရှိရင်
မြို့ကြီးကို အချိန်ပိုင်း တက်သိမ်းလို့ရတယ် မင်းလည်း ငယ်မှ မငယ်တော့တာ
ငါတို့ဟာ ကဗျာတွေပဲဖြစ်ရမယ် အသုံးချတန်ဘိုးမှ မရှိကြတာ
နှလုံးသွေးကြောတစ်ချောင်းပိတ်ပြီး လျှပ်စစ်ဓါတ်လည်း မထုတ်လုပ်နိုင်
ကိုယ်ကျင့်တရားရဲ့ ဂေဟ စံနစ်လည်း ပူနွေးလာပြီ သူငယ်ချင်း
ဆောက်လုပ်ရေးလား၊ အလောင်းဆေးလား၊ စင်္ကာပူလား၊ ဂျပန်လား
ကိုကာကိုလာအေးအေး တစ်ခွက် ငါဘယ်လို သောက်ရက်နိုင်ပါ့မလဲ
လေ့လာရမယ် ပညာရှာရမယ် ဗဟုသုတကြွယ်ရမယ်….ရမယ်….ရမယ်
ဟော၊ ဗျူးခန်းထဲက တစ်ယောက်ထွက်လာပြီ လက်ခါပြသွားတယ်
ငါကော လက်ဘက်ရည်ဖိုးတတ်နိုင်ပါ့မလား သူ့အိတ်ကပ်က ပိုဖောင်းသလား
ရိုကျိုးလွန်းတဲ့ လက်ချောင်းတွေကို ငါကြည့်တယ် အခြားမှ သူတို့ မတတ်နိုင်တာ
စင်း ဒေါ်လာလား၊ ရင်းဂစ်လား၊ ဘတ်လား၊ ယန်းလား၊ ကျပ်လား၊ ပြားလား
အများသုံးအိမ်သာမှာ သုံးပြီးသားလက်ကျန် တစ်ထောင်းထောင်းနဲ့
ဘဝဟာ အရသာရှိလိုက်တာလို့ ငါ့ နာမည်ခေါ်ဖို့ စောင့်နေတယ်
မင်းနဲ့ ငါဟာ ရထားပေါ်မှာ မျက်နှာချင်းဆိုင်
ပြင်ပ ရှုခင်းတွေကို အလှည့်ကျ ပြောင်းပေးရတယ်
လမ်းပေါ်ထွက်ဖို့ ငါ့တန်ဖိုးကို နှူးကြည့်တယ်
ဘယ်ရောက်ခဲ့လဲလို့ မိန်းမကမေးရင် ဘယ်မှ မရောက်ခဲ့ဘူးဆို ယုံမလား
ကမ္ဘာကြီးဟာ ပြားသွားပြီ ငါတို့တွေသာ ချိန်ကိုက်ပြီးသား အလုံးတွေ။ .

ဇေယျာလင်း
၁၁၊ စက်တင်ဘာ၊ ၀၉
(ကဗျာဆိုတာပြုလုပ်ခြင်း ကဗျာစာအုပ်မှ) 

ဖြစ်စဉ်-တာရာမင်းဝေ

တစ်ခါတလေမှာတော့လည်း တွေးကြည့်မိပါတယ်
နက်ဖြန်ခါ သေသွားရင် ဘာဖြစ်မလဲလို့။
လုပ်ချင်တာတွေ လုပ်ခဲ့ပြီးပြီ
(မလုပ်ရသေးတာတွေလည်း အများကြီး)
ဖြစ်ချင်တာတွေ ဖြစ်ခဲ့ပြီးပြီ
(မဖြစ်ရသေးတာတွေလည်း အများကြီး)
နက်ဖြန်ခါမှာလို့ စဉ်းစားလိုက်ပြန်တော့
နက်ဖြန်ခါတွေကလည်း အများကြီး
ဒီလိုနဲ့ပဲ
ဘ၀မှာ နေပျော်ရတာပါပဲ ကလေးရယ်။


တာရာမင်းဝေ 

Saturday, July 28, 2012


ဧည့်သည်-တာရာမင်းဝေ

သတို့သားနဲ့ သတို့သမီးက မှန်ဘောင်ထဲကနေ ငါ့ကိုကြည့်တယ်။
ငါ့ဘေးမှာ ကုလားထိုင်တစ်လုံးရောက်နေပြီး သူကလည်း ရှုတည်တည်နဲ့။
စက်ဝိုင်းမျက်နှာကိုတပ်ပြီး ပန်ကာက အိပ်ငိုက်နေတယ်။
ဖန်တကောင်းထဲမှာ မော့နေတဲ့စက္ကူတို့ လန်းလန်းပွင့်လို့။

ငါ့ကိုမရည်ရွယ်ပေမယ့် ကြောင်တွေက အပျင်းရွဲ့ရွဲ့ ရှည်ထွက်လာတယ်။
လူခြေထောက်နှစ်ဖက်ကို လိုက်ကာအောက်က ဖတ်လတ်ဖတ်လတ် တွေ့လိုက်တယ်။
ဧည့်ခန်းထဲမှာ ကတ္တီပါနံ့တွေ ရစ်ခွေမှုန်သီနေတယ်။
လူသာလာပါ၊ ပြဿနာ ခေါ်မလာပါနဲ့လို့ တအွတ်အွတ် ကြို့ထိုးတယ်။

‘ဘော့’ ဆိုတဲ့ ခုံရွှေ့သံကို လှမ်းကြားရတယ်။
ငါရှိနေလျှက်နဲ့ လှေကားကြီးကလည်း သူ့ဘာသာသူ တက်သွားတယ်။

ပြက္ခဒိန်ထဲက ဝက်ဝံမှောင်ရီကို အလျားလိုက် ဟန့်တား
ရောက်လာတာ မကြာလှသေးပေမယ့် ပြန်ချင်တာကြာလှပြီ။
တွေ့ချင်လို့ လာခဲ့ပေမယ့် ဒီလောက်ဆိုရင် ရပြီရပြီ။
တို့ချင်းတော့ သိကြပါရဲ့၊ အချိန်က စေ့ခဲ့ပြီးပြီ။

တာရာမင်းဝေ (ရှူး) 

ယေဘုယ၀ိညာဉ်

င့ါကိုတော့ ခွင့်တောင်းသင့်ပါတယ်
ငါ့နှာခေါင်းပေါ်တက်ပြီး
ဘယ်သူလာ အသက်ရှုနေတာလဲ ..
မင်းကသာ
ဟိုဘက်က အပ်နဲ့ မမှုတ်ဘူးဆိုရင်
မင်းလက်ထဲကပြောင်းကို
ဒီဘက်က ငါချောင်းကြည့်ရဲမှာပါ .. ။

အံ့ဘွယ်ပဲ


`လိုက်ခရာ´ ခြေစွပ်ကနေလွတ်မြောက်သွားအောင်
မိမိဆွဲချွတ်နေတဲ့
 ဟောဒီမိမိရဲ့ ဘယ်ဘက်ခြေထောက်ပေါ့ ၊
အံ့ဘွယ်ပဲ ၊ တစ်ချိန်တုန်းက မိမိရဲ့ ဘိုးတံကိုင်ခဲ့တဲ့ လက်ရဲ့
အခုအဆစ်ရောင်နာဖြစ်နေတဲ့ လက်ချောင်းတွေ ၊ ဆီဇာဆိုတဲ့
ချယ်လိုတယောကြီးတစ်လုံးရဲ့ ကျေးကျွန်တွေ ၊ ပြီးတော့
ယောဟန် ဆဘတ်စ်ချင်န် ဘာ့ (က်)
သူ့ရဲ့ `ဆာရာဘန်း(ဒ်)´ ၊ C minor နဲ့ တီးတဲ့တေးစု ၊
အခုမိမိရဲ့မှတ်ဥာဏ်ကို လက်ညှိုးနဲ့ တိုးတိုးတိတ်တိတ်
ကလိနေတယ် ၊ စိတ်လျှော့လိုက်ရခြင်းနဲ့ အမှန်တရား။
ခါးကုန်းပြီး ခလုတ်နှိပ်လိုက်ရင် မီးပွင့်သွားတာကို အံ့ဩရင်း ၊
လက်ထဲစာအုပ်ကိုင်လျက်နဲ့ အိပ်ငိုက်လာလို့ အဲဒီမီးကို
ပိတ်လိုက်လို့ရတယ်ဆိုတာ ကိုလည်းအံ့ဩရင်း ၊
အမှောင်ထဲမှာပြန်ပေါ်လာကြတယ်
အဲန် စတီဗင်န်ဆင်န်ဆိုတဲ့ ချယ်လိုတီးနေတဲ့ မိန်းမပျိုလေး ၊
နျူးဟေဗင်န်က စည်းကမ်းကြီးတဲ့ ဆရာကြီး မစ္စတာ ထရူး(တ်)စ်ဝစ်က်
(`ထရိုဇီ´လို့ နာမည်ပြောင်ပေးခဲ့တယ်) ၊ အဲန် အာဘာမှာ
ချစ်ကြောက်ရိုသေရတဲ့ ၊ စကားနူးနူးညံ့ညံ့ပြောတတ်တဲ့
ဆရာကြီးမစ္စတာ အဲဒလ်။ နှစ်ယောက်စလုံးသေတာကြာပြီ။
လှပတဲ့ ဒူရိယာ ပစ္စည်းတွေထဲက သက်ရှိဝိဥာဉ်တွေ။
ဟာ(ရ်) ဟေဒင်န် ၊ ဆီညော်ဘောခရီးနီး ၊ မွန်ဆီယာ ဆော်န်ဆဲန်နဲ့
မစ္စတာ အဲလ်ဂါ။ သူတို့လည်း သွားကြတာကြာပြီကော။
မိမိရဲ့ နားထိုင်းနေတာကို မိမိနားမထောင်တတ်ခင်က
မိမိဘယ်လိုမှ တတ်မြောက်အောင် မတီးခတ် နိုင်ခဲ့တဲ့
`ကွန်ချာတို´ တွေထဲမှာ သူတို့ဆက်လက်ရှင်သန်နေကြတယ်။
ဒါဟာ မိမိရဲ့ ဘယ်ဘက်ခြေထောက် ၊ ကဗျာလေ ။ ။

အဲန် စတီဗင်န်ဆင်န်

ဇေယျာလင်း ဘာသာပြန်ဆိုသည်
(Poetry Review မဂ္ဂဇင်း Vol. 101:3 Autumn 2011 မှာ ဖေါ်ပြပါရှိတဲ့
 ဗြိတိသျှကဗျာဆရာမ Anne Stevenson ရဲ့ `How Astonishing --´ကဗျာကို မြန်မာဘာသာပြန်တာဖြစ်ပါတယ်။)